နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးကြောင့် သေဆုံးသွားသူများအား ထောက်ပံ့ငွေများပေးအပ်

လယ်ဝေး စက်တင်ဘာ ၂၇

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ အင်းသာ(မြောက်) ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ ရေလဲပေါက်ကျေးရွာသို့ သွားရောက်၍ သဘာဝဘေးဖြစ်စဉ်ကြောင့် သေဆုံးခဲ့သော လူနှစ်ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်ငါးသိန်း နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ်နှစ်သိန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေသုံးသိန်း၊ ကျပ်စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ သေဆုံးသူနှစ်ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း(၂၀)အား ထောက်ပံ့ပေးအပ်ပြီး ကျေးရွာနေပြည်သူများအား ခေါက်ဆွဲခြောက်နှင့် ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)