နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ရေကြီးနစ်မြုပ်မှုခံရသောသီးနှံများပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲတက်ရောက်၊ ရွှံ့နွံများ တင်ကျန်ရစ်သည့် စာသင်ကျောင်းများ ယာယီ နေရာများတွင် ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုကြည့်ရှု

တပ်ကုန်း စက်တင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးဆောင်ကျင်းပသည့် ရေကြီးနစ်မြုပ်မှုခံရသော သီးနှံများ ပြန်လည်ကုစားရန် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်ကြားဗိမာန်တော်တွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြန်လည်ထူထောင်ရေးကဏ္ဍမှာ စားဝတ်နေရေးအတွက် မိမိတို့ရဲ့အိမ်တွေမှာ ရှိတဲ့ ရွှံ့တွေ၊ နုန်းတွေဖယ်ရှားရေး၊ ရွှံ့နွံတင်ကျန်ရစ်ခဲ့သည့် စာသင်ကျောင်းများတွင် ရပ်ရွာပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ရခြင်းဖြစ်ကြောင်း၊ ရပ်ရွာလုပ်အားပေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့် လိုက်လံဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျက်စီးခဲ့သော လယ်ယာမြေများ ပြန်လည်ကုစားရေး၊ မြေစမ်းသပ်မှုများနှင့် မြေအမျိုးအစား၊ ရေရရှိပေါ်မူတည်ပြီး စပါးပြန်လည်စိုက်ပျိုးနိုင်ရေး၊ စပါးများပြန်လည်မစိုက်ပျိုးနိုင်ခဲ့သော လယ်ယာမြေများကို မြေပဲ၊ နှမ်းနှင့်အခြား ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ရေမြုပ်ခံခဲ့ရသည့် ကွင်းအလိုက် ကျေးရွာစိုက်ပျိုးစီးပွား အသိပညာပေး(KC)ခန်းမများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများ ပြန်လည်ထူထောင်ရေးစင်တာ ဖွင့်လှစ်ပြီး၊ ပညာပေးရေး၊ ဆွေးနွေးရေး၊ တိုင်ပင်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ သဘာဝပတ်ဝန်းကျင်က ဘယ်လောက်အရေးကြီးအကြောင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပျိုးဥယျာဉ်များ တည်ထောင်ရေးလုပ်ငန်းများအတွက် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာ လူကြီးများနှင့်အတူ တက်ကြွစွာပါဝင်ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုနှင့် တာဝန်ရှိသူများ အောင်မြေရိပ်သာကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ အဆုံ(ဇီးကုန်း)ကျေးရွာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ယာယီနေရာများတွင် စာသင်ကြားနေမှုများကြည့်ရှုပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ပြီးနောက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနမှ စာသင်ခန်းများအတွင်း ရွှံ့နွံများ ဖယ်ရှားရှင်းလင်းပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်