မိုင်းဖြတ် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူများသည် မြေပြင်တွင် လက်တွေ့ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စျေးတန်းရပ်ကွက်တွင် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ(၃၇)ဦးက စျေးတန်းရပ်ကွက်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းပါ အချက်အလက်များကို Mobile Tablet များဖြင့် အိမ်ထောင်စုမေးခွန်းများမေးမြန်းခြင်း၊ အဖွဲ့အစည်းမေးခွန်းပုံစံများမေးမြန်းခြင်းတို့ကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေသည့်အခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်မှ ဦးမင်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြေပြင်တွင် လက်တွေ့ကောက်ယူခြင်းသည် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စစ်ရင်းကောက်များအနေဖြင့် အခက်အခဲမရှိစေရေး၊ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)