စစ်တွေ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခန်းမ၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ အထက်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆောင်းပါးရှင် ဒေါက်တာ မောင်သင်းရေးသားသည့် “စာဖတ်နာသည့် နိုင်ငံသားများကြောင့် အမြင့်သို့တက်နေသည့် နိုင်ငံတော်ဘဝသို့” ဆောင်းပါး၊ ဆောင်းပါးရှင် ကိုလူလှ၏ “လူငယ်လူရွယ်များတိုးတက်ရေးအတွက် မျှဝေပေးရမည့် သုတစာပေ” ဆောင်းပါး၊ ဆောင်းပါးရှင် ကိုဌေး(ကနောင်) ရေးသားသည့် “အားကစားမှ နိုင်ငံတော်အတွက် အကျိုးပြုနေသည့် အချက်များအကြောင်း တစေ့တစောင်း” ဆောင်းပါးဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့်တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်စာအုပ်ပါ “ဗဟုသုတက တန်ခိုး” စာစု၊ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ပျော်ရွှင်နိုင်ပါစေစာအုပ်ပါ “ခေါင်းဆောင်မှုစွမ်းရည်” စာစု၊ ဆောင်းပါးရှင် မြင့်မောင်(Phil-Q)ရေးသားသော “စာကြည့်တိုက်ယဉ်ကျေးမှုအစ စာသင်ကျောင်းက” ဆောင်းပါးတို့ဖြင့် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကြပြီး ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခန်းမ၌ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိနိုင်စေရန်အတွက် မုန်တိုင်းအရောင် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)