မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ (နဝမ) အကြိမ်မြောက် ပြန်လည်ထုတ်ချေး

မိတ္ထီလာ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြာကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွါးလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား(နဝမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်အေးမြတ်မြတ်ဆွေက စီမံကိန်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက်စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေကျပ် ၅၆.၃သန်းအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တဲကြီးကုန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၈ဦး ငွေကျပ် ၄၀.၇သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦး ငွေကျပ် ၁၅.၁သန်း၊ အရောင်းအဝယ် ၁ဦး ငွေကျပ် ၀.၅သန်း၊ စုစုပေါင်း ၇၆ဦး၊ ငွေကျပ် ၅၆.၃သန်းအား အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)