ဟိုပုံး စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ(၁၀)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့အတွင်းရှိ ကျေးရွာချင်းဆက်လမ်း/တံတားများပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ်တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိတို့က ဟိုပုံးမြို့နယ်အတွင်းရှိ ပျက်စီးသွားသော ဖက်ရမ်းကျေးရွာအုပ်စု ဟွေ့ရေခေါက်-ဟိုဆင်-ဟွေ့လုံ-ဖက်ရမ်းကြီး-ဖက်ရမ်းလေး-ဒုံလိတန် လမ်းပျက်စီးမှုအား ပြန်လည်ပြင်ဆင်နေမှုနှင့် ၎င်းလမ်းပေါ်ရှိ ရေစီးနှင့်အတူမျောပါသွားသည့် ကွန်ကရစ်တံတားနေရာအား ယာယီသစ်သားတံတားပြန်လည် ဆောက်လုပ်နေမှုအခြေအနေများ၊ မိုင်းကောင်-ဝမ်စိမ်း-ပါနင်လမ်း ကတ္တရာလမ်းနှင့် ကျောက်တန်းကျေးရွာအုပ်စု ကျောက်တန်း-ထီဖြွန်း-ထီတခေါ့လမ်း၊ နမ့်ခုတ်ကျေးရွာအုပ်စု နမ့်ခုတ်-ဝမ်လွယ်-ဆန်ဆိုင်လမ်းတို့တွင် ကတ္တရာလမ်းပျက်စီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ဆီဆိုင်မြို့နယ်မှ မကောက်(န)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KfW(လမ်းခွဲ) (ကွန်မွန်း-ဖာလိုင်အပိုင်း)မှ ပေ(၅၀)ခန့်တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုမှုဖြစ်ပေါ်ခဲ့သော နေရာတွင် ယာယီသစ်သားတံတားဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင်လမ်းပေါ်ရှိ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် ပေ(၁၆၀) အရှည် နမ့်တဘက်ချောင်းကူးတံတား ရေစီးနှင့်အတူမျောပါပျက်စီးမှုများ၊ နန့်ငိုင်းလမ်း ပေ(၃၀၀)ခန့်တောင်ပြိုမှုအခြေအနေများနှင့် ယာယီတံတားများပြန်လည်ဆောက်လုပ်နေမှုအခြေအနေများကိုစစ်ဆေးပြီး ပင်လောင်းမြို့နယ် ပင်မွန်းအုပ်စုတွင်ရေတိုက်စားမှုကြောင့် ပင်မွန်း-ထီတမောင်းလမ်းပေါ်ရှိ (၅)ပေ Box Culvert ပျက်စီးခြင်း၊ ပင်မွန်းအုပ်စု ထာငို-ထီတမောင်း ကတ္တရာလမ်းပိုင်ပေါ်ပေ(၅၀)ခန့် မြေပြိုကျခြင်းနှင့် ကတ္တရာလမ်းပိုင်းပေ(၁၀၀)ပျက်စီးခြင်း၊ လုံးပိုးအုပ်စု တကျစ်-နောင်ကားမှီ-လုံးပိုးလမ်းပေါ်ရှိ Box Culvert (၁၀)ပေ(၁)စင်းနှင့် လမ်းသား(၅၀) ပေ ပျက်စီးခြင်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာချင်းဆက်လမ်းနှင့်တံတားများ အမြန်ပြန်လည်ပြင်ဆင်ပြီး ဒေသခံပြည်သူများသွားလာရေး အဆင်ပြေစေရန်အတွက်လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)