ပုဗ္ဗသီရိ စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် မိသားစုကိုယ်ပိုင် မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲများကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဖိတ်ခေါ်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)၊ မိသားစုကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမတို့က ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား တက်ရောက်လာသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)