လယ်ဝေးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်းများ ဆက်လက် ဆောင်ရွက်

လယ်ဝေး စက်တင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေကြီးနစ်မြုပ်သည့်ကျေးရွာများတွင် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍  ပြည်သူများ ပြန်လည်နေထိုင်ရန်အတွက် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု၊  လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော် ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး ၅ ဦးပါ အဖွဲ့ ၇ ဖွဲ့က Bleaching powder ဖြင့် ရေတွင်များ Chlorination ပြုလုပ်ခြင်း၊ ရေကန်များအား ကလိုရင်းဆေးခပ်ပေးခြင်း၊ သောက်ရေများကို ရေသန့်ဆေးပြားခပ်ခြင်း၊ အိမ်သာများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများကို လေးကသိန်း၊ ရေလဲပေါက်၊ အောင်သုခ၊ သစ်ကိုးပင်နှင့် အောင်ချမ်းသာကျေးရွာများတွင် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ကျေးရွာပေါင်း ၃၀ တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)