ကျိုင်းတုံ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျေးရွာများအတွင်း ရေရှည်ဖွံ့ဖြိုးသော စာကြည့်တိုက်များပေါ်ထွန်းလာစေရန်အတွက် စာကြည့်တိုက်ဆောက်လုပ်နိုင်ရေး ပန္နက်တင်ခြင်းနှင့် ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ယန်းကျိန်အုပ်စု၊ တာခွယ်ကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်၊ ယန်းကျိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းမူနှင့် ဒေသခံပြည်သူများက ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် သတ်မှတ်နေရာအသီသီးတွင် ပန္နက်တင်ခဲ့ကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က စာကြည့်တိုက်အဆောက်အဦဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာခွယ်ကျေးရွာအတွင်း နေအိမ်ပျက်စီးခဲ့သော ဒေသခံပြည်သူ (၁)ဦးအား စေတနာရှင်၊ အလှူရှင်များမှတစ်ဆင့် ခရိုင်သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)