ကလော စက်တင်ဘာ ၂၆
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ဆင်တောင်ကျေးရွာနှင့် ခွေးရုပ်ကျေးရွာများအတွင်း မြေပြိုကျမှု၊ ရေကြီးနစ်မြုပ်မှုများနှင့် လူနေအိမ်အချို့၊ လူသေဆုံးမှုအချို့ရှိကြောင်း သတင်းများ သိရှိရသဖြင့် မြေပြင်သတင်းအမှန်သိရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးထွန်းဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကလောနှင့် ဆင်တောင်ကြား မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းအချို့ ပိတ်ဆို့နေရာ (၄)ခုရှိပြီး ၎င်းနေရာများမှ ကလော - ဆင်တောင်လမ်းအပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန လမ်းတာဝန်ခံမှမြေထိုးစက်ဖြင့် ဖယ်ရှားရှင်းလင်းပြီးဖြစ်၍ ဆင်တောင်အထိ ယာဉ်ငယ်များ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ဆင်တောင်- ခွေးရုပ်လမ်းပိုင်းတွင် မြေပြိုကျမှု၊ လမ်းပိတ်ဆို့မှုများကြောင့် ဖယ်ရှားရှင်းလင်းဆဲဖြစ်ပြီး ဆိုင်ကယ်များသာ သွားလာနိုင်ပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ခွေးရုပ်ကျေးရွာသို့ အမြန်ဆုံးလမ်းပေါက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ည ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပေါ်ခဲ့ရာ ဆင်တောင်၊ ခွေးရုပ်ကျေးရွာများတွင် ပြိုကျပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ဆင်တောင်ရွာတွင် နေအိမ် (၅)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၄)အိမ် ရေဝင်ပျက်စီးခြင်း၊ ဆင်တောင်ဘူတာရေဝင်ပျက်စီးခြင်း၊ ဘူတာရုံပိုင်အိမ် မြေပြိုကျပျက်စီးမှုဖြစ်ပေါ်ကာ မီးရထားလမ်းပျက်စီးမှုအား သက်ဆိုင်ရာဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးပြုပြင်မည်ဟု သိရှိရသည်။ ခွေးရုပ်ရွာတွင် နေအိမ် (၁၁)လုံး မြေပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၀)လုံး အန္တရာယ်ရှိ နေအိမ်အဖြစ် ဖယ်ရှားပေးထားခဲ့ပြီးဖြစ်ကြောင်း၊ မြေပြိုကျမှုကြောင့် ကျေးရွာ (၂)ရွာလုံး လူသေဆုံးမှုမရှိကြောင်း၊ ပြိုကျပျက်စီးသွားသော ဆင်တောင်ကျေးရွာမှ နေအိမ် (၅)လုံးနှင့် ရေဝင်ပျက်စီးသွားခဲ့သော အိမ်ထောင်စု (၉)စုအတွက် ကလောတပ်နယ်မှူးနှင့် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ဒန်အိုးဒန်ခွက်နှင့် မြေပြိုပျက်စီးသွားသော နေအိမ် (၅)အိမ်အတွက် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၁)သိန်းစီနှင့် ရေဝင်ပျက်စီးတစ်အိမ်လျှင် ငွေကျပ် (၅)သောင်းနှုန်းစီ ထောက်ပံ့ပေးခဲ့ပါသည်။
မြေပြိုကျပျက်စီးခဲ့ခြင်း၊ ရေနစ်မြုပ်ခြင်းများခံခဲ့ရသော ဆင်တောင်နှင့် ခွေးရုပ်ကျေးရွာများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံပေးမှုဖြင့် ကလောခရိုင်ရေဘေးစီမံခန့်ခွဲကြီးကြပ်မှုကော်မတီမှ တစ်ရွာလျှင် ဆန်အိတ် (၅၀)အိတ်၊ ခေါက်ဆွဲခြောက် (၅၀)ဖာ၊ ရေသန့် (၅၀) ကတ်၊ ဆီ (၅၀)ကျပ်သားပါ (၅၀)ဘူးတို့အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြေပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များနှင့် ရေဝင်ပျက်စီးသွားသော နေအိမ် (၂၀)အိမ်အတွက် ဒန်အိုးဒန်ခွက် (၁)စုံစီတို့အား ပို့ဆောင်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဆင်တောင်ကျေးရွာနှင့် ခွေးရုပ်ကျေးရွာများအနေဖြင့် ပျက်စီး ဆုံးရှုံးထိခိုက်မှုသာရှိပြီး ဆင်တောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဆောင် (၁)ဆောင် ပျက်စီးခဲ့ပြီး လူသေပျောက်ဆုံးမှုမရှိပါကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)