ချမ်အေးသာစံ စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြေယာများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲအဆောက်အဦများ ဆောက်လုပ်ပြီး နေထိုင်ခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှတိုင်းဦးစီးမှူးနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကစိုက်ပျိုးမွေးမြူရေးမြေများ လျော့နည်းမသွားရေး အလေးထားဆောင်ရွက်နေပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေယာများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများ ဆောက်လုပ်နေထိုင်ခြင်းများမရှိစေရေး၊ မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ လူဦးရေများပြားလာရာ လူနေအိမ်အဆောက်အဦများ တိုးတက်များပြားလာသည်နှင့်အမျှ မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျဖြစ်စေရေး အလေးထားကာ သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မန္တလေး-ပြင်ဦးလွင် လမ်းတစ်လျှောက် မြေယာများတွင် ခွင့်ပြုချက်မရှိဘဲ မြေဖို့ခြင်း၊ ခြံခတ်ခြင်း၊ အဆောက်အဦဆောက်လုပ်၍နေထိုင်ခြင်းစသည့် ကျူးလွန်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ စိစစ်ကာပြဋ္ဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ထိရောက်စွာကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးသိန်းဝင်းတို့က တိုင်းဒေသကြီး အတွင်းမြေယာများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်၍ နေထိုင်ခြင်းတို့အား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း စိစစ်ဆောင်ရွက်နေမှုများ၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ လူနေအိမ်များစနစ်တကျရှိစေရေး ကော်မတီများဖွဲ့၍ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဇော်ဦးက ပြင်ဦးလွင်ခရိုင်အတွင်း မြေယာများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများဆောက်လုပ်ပြီး နေထိုင်ခြင်းများအပေါ် စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြအကြံပြုချက်များအပေါ်ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်