မုဒုံ စက်တင်ဘာ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကော့ခပုံကျေးရွာရှိ တောင်သူများနှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ဒေသတွင်း စားရေးရိက္ခာဖူလုံစေပြီး တောင်သူများ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို စိုက်ပျိုးရာသီမတိုင်မီ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လျာထားနေကြာစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့အပြင် တောင်သူများ၏ လိုအပ်သောစပ်မျိုးနေကြာ မျိုးစေ့များကို ဌာနအနေဖြင့် လုံလောက်စွာ စုဆောင်းထားပြီး မျိုးစေ့များပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစုများကို သက်သာသည့် စျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာသီတွင် အပွင့်မပွင့်မီ ရေသွင်းစိုက်ပျိုးနိုင်ရန်နှင့် တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)