ဟိုပုံး စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းကြီးမှကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရသာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ဟိုပုံးမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးနိုင်ရေး မြို့နယ်အတွင်းရှိ ဆရာတော်များ တွေးဆုံဆွေးနွေးခြင်းကို စက်တင်ဘာလ (၂၄) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နာဂပုရသာမဏေကျော်စာမေးပွဲတွင် စာဖြေရန်ကြွရောက် လာကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့ကို နေရာချထားပေးမှု အခြေအနေများ၊ ဆွမ်း၊ ခဲဖွယ်များ ချက်ပြုတ်စီစဉ်ဆောင်ရွက်ရန်၊ ဝေယျာဝစ္စနှင့် သန့်ရှင်းရေးဆောင်ရွက်ရန်၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ အခမ်းအနားပြင်ဆင်ရန် စသည့် နာဂပုရသာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်မည့် အစီအမံများ၊ ဆရာတော်၊ သံဃာတော်များအား ကြိုဆိုရေးယာဉ်နှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသရှိ ပျက်စီးသွားသော လမ်း/တံတားများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူပေါင်း၍ အမြန်ပြုပြင် ဆောင်ရွက်နိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာ၊ လိုအပ်သည်များကို မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများ ပူပေါင်းတွေ့ဆုံဆွေးနွေးကြသည်။
ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၁၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်၊ မဲနယ်တောင်ဒေသနှင့် ပုံးအင်းဒေသရှိကျေးရွာ (၃၀) တို့တွင် တောင်ကျရေဝင်ရောက်မှုကြောင့် လူနေအိမ်နှင့် လမ်း/တံတားများ၊ စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆရာတော်များ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)