ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာ ကုသရေးဌာနတွင် ထားရှိသည့် ကိုဗစ်-၁၉ Positive လူနာများအား စိတ်ပျော်ရွှင်စေရေး ယမန်နေ့ ည(၆:၃၀)နာရီအချိန်မှ စတင်၍ ည (၁၀:၀၀)အချိန်ထိ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ Positive လူနာများ စိတ်ဓာတ်မကျစေရေးနှင့် စိတ်ပျော်ရွှင်စေရေး ဂီတာများတီးခတ်ပြသခြင်းများ၊ အကများကခုန်၍ ဖျော်ဖြေတင်ဆက်ပေးခြင်းများဖြင့် နှစ်သိမ့်အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တင်ဆက်ပေးမှုသို့ Dream of fire music band မှ ကိုရဲရင့်သူ ဦးဆောင်သော အဆိုတော် (၂၃)ဦးနှင့် စက်အဖွဲ့ (၄) ဦးတို့က ရိုးမရိပ်သာ ကုသရေးဌာနတွင် တက်ရောက်နေကြသည့် ကိုဗစ်-၁၉ Positive လူနာများအား လမ်းပေါ်မှနေ၍ တေးသီချင်းများဖြင့် ကပြ သီဆို ဖျော်ဖြေခဲ့ကြရာ Positive လူနာများက ဝရန်တာမှနေ၍ ပျော်ရွှင်စွာဖြင့် ကြည့်ရှုအားပေးခဲ့ပြီး တေးသီချင်းများကို လိုက်ပါသီဆိုကြကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)