နောင်တရား စက်တင်ဘာလ ၂၆
နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းနို့ထွက်ပစ္စည်းထုတ်လုပ်မှုမြင့်မားလာစေရန်နှင့် ပြည်ပမှနို့ထွက်ပစ္စည်းများ တင်သွင်းမှုလျော့ချဆောင်ရွက်နိုင်စေရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်အခြေပြုစီမံချက်အဖြစ် နို့စားနွား မေထုန်မဲ့သားစပ်သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ ဒေသနွားမျိုးထိမ်းမျိုးပွားသရုပ်ပြမွေးမြူရေးခြံ၌ ယမန်နေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါက်တာနီနီဝင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နို့စားနွား မွေးမြူမှုဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်း နို့ထွက်ပစ္စည်း ထုတ်လုပ်မှုမြင့်မားလာစေရန်နှင့် ပြည်ပမှနို့ထွက်ပစ္စည်းများ တင်သွင်းမှု လျော့ချဆောင်ရွက်နိုင်စေရန်အတွက် မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး နည်းစနစ်တကျ မေထုန်မဲ့ သားစပ်ကျွမ်းကျင်သူ အရေအတွက် တိုးပွားလာစေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားစေခြင်း ဖြစ်ကြောင်းပြောသည်။
နွားမေထုန်မဲ့သားစပ်သင်တန်းကို စက်တင်ဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ရှစ်ဦး တက်ရောက် သင်ကြားမည်ဖြစ်ပြီး စာတွေ့၊ လက်တွေ့ နှစ်မျိုးလုံး သင်ကြားပို့ချသွားမည်ဟု သင်တန်းဆရာ တစ်ဦးထံမှ သိရသည်။
ခွန်အောင်(နောင်တရား)