မော်လမြိုင် စက်တင်ဘာ ၂၆
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားပြိုင်ပွဲများရှိသည့်အနက်မှ ဘောလုံးအားကစားပြိုင်ပွဲကို အများပြည်သူများ အထူးအားပေးကြိုက်နှစ်သက်ကြသည့် အားလျှော်စွာ မွန်ပြည်နယ်အနေဖြစ် မြန်မာ့ဘောလုံးအဆင့်အတန်း မြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိသလို ထူးချွန်ဘောလုံး အားကစားသမားလူငယ်လူရွယ်များနှင့် အလားအလာရှိသော သွေးသစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်ရရှိရေးအတွက် စဉ်ဆက်မပြတ် မွေးထုတ်ပေးကြစေလိုကြောင်း၊ အားကစားများအနေဖြင့်လည်း ဘောလုံးအားကစားနည်း၏ ခေတ်မီနည်းစနစ်တွေကို မပြတ်လေ့လာသင်ယူပြီး ပြည်နယ်ဂုဏ်သာမက နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် မုဒုံမြို့နယ် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)