မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆရီ ဂနေ့ရှ် (ခ) မဟာပိန္နဲဘုရားပွဲတော် တက်ရောက် ကြည်ညို

မော်လမြိုင် စက်တင်ဘာ ၂၅

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဆရီ ဂနေ့ရှ် (ခ) မဟာပိန္နဲဘုရားပွဲတော်ကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ကွင်းရပ်ရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဟိန္ဒူဘာသာရေးထုံးစံဖြင့် အဓိဌာန်ပြု ဆုတောင်းခြင်းများ၊ ဝတ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကာ ဟိန္ဒူဘုရားကျောင်းဂေါပကအဖွဲ့တို့မှ ဂုဏ်ပြုရွတ်ဖက် ဆုတောင်းပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မဟာပိန္နဲ ဟိန္ဒူဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဟိန္ဒူ ဘုရားကျောင်းဂေါပကအဖွဲ့၊ တာဝန်ရှိသူမှ လက်ခံရယူခဲ့ပြီး ဆရီ ဂနေ့ရှ် (ခ) မဟာပိန္နဲဘုရားပွဲတော်သို့ လာရောက်ကြသည့် ဘုရားပွဲလာဧည့်သည်များ အဓိဌာန်ပြု၊ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်နေမှုတို့နှင့် သက်သက်လွတ်ဟင်းရာများဖြင့် စတုဒိသာကျွေးမွေးဖြင့် စည်ကားသိုက်မြိုက်နေမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)