ညောင်ဦး စက်တင်ဘာ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညောင်ဦးခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်၊ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီး ပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ညောင်ဦးခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်၊ နေ့လယ် ၁ နာရီတွင် ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစောထွန်းဝင်းက အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်များကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့်အညီကဏ္ဍအလိုက် စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နေသည်ကိုသိရှိရပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ ယခုလိုစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသထွက်ကုန်များအပေါ် အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလျက်ရှိပါ ကြောင်း အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ယခုလို နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSMEလုပ်ငန်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံကျပြီး အရေးပါသော လုပ်ငန်းများ ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းများမှတစ်ဆင့် အငယ်စားနှင့်အလတ်စားလုပ်ငန်းများသို့ ချဲ့ထွင်နိုင်ပြီးပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာပေါင်း (၁၅၁)ရွာတွင် သင်တန်းပေါင်း(၁၅၁)ခု ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းရှင်(၇၅၅)ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများသုံးစွဲခွင့်ပေးအပ်၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ ဝင်ငွေတိုးစီမံကိန်းကိုရုံးချုပ်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၄)ခုရှိ ကျေးရွာပေါင်း(၂၂၁)ရွာကို ရွေးချယ်၍ ဒေသခံ ပြည်သူများ၏ လိုအပ်ချက်အရ တောင်းဆိုသည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များအပေါ်အခြေခံ၍ စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိတို့၏ ထုတ်ကုန်များအရည်အသွေးမြင့်မားအောင်ဆောင်ရွက်ကြပါက အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက သင်တန်းသား(၃)ဦးအတွက် ကိတ်မွှေစက်၊ ဂျုံမွှေစက်များ ကိုလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုဇင်က အာလူးအခွံခွာစက်၊ အိတ်ပိတ်စက် များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်းက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို လည်းကောင်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က Hand Mixer နှင့် ဒယ်အိုးများကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်က ဒယ်အိုးများနှင့် ဂရမ်ချိန်စက်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ဌာနဆိုင်ရာအကြီးအကဲများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်း ဆင်းများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုက ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
ဒီပါလင်း