ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအဖွဲ့အား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတက်ရောက်

စစ်တွေ စက်တင်ဘာ ၂၅

နေပြည်တော်၌ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအဖွဲ့အား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုနှစ်ကျင်းပမည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုနိုင်ငံတော်မှ အဆင့်အတန်းရှိရှိ၊ ထူးထူးခြားခြား ကျင်းပမည်ဖြစ်သည့်အတွက် တိုင်းရင်းသားတို့၏ ရိုးရာတူရိယာတေးဂီတပြိုင်ပွဲတွင် ရခိုင်တိုင်းရင်းသားရိုးရာ တူရိယာများဖြစ်သော မင်္ဂလာစည်တော်၊ မိကျောင်းပတ္တလား၊ ခွက်ခွင်း၊ ပလွေ၊ မာလာခွံတယောစသည့် ရိုးရာတူရိယာ စစ်စစ်များဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များကို နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်ပြီး ကျွမ်းကျင်သည့် အဆိုပညာရှင်၊ အကပညာရှင်၊ အတီးပညာရှင်များဖြင့် လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စခန်းသွင်းလေ့ကျင့်ခြင်းအားဖြင့် မိမိပြိုင်ပွဲဝင်ရမည့် ဘာသာရပ်အပေါ်တွင် ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်သည့်အခါတွင်လည်း ပြိုင်ပွဲဝင်များအနေဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း သွားရောက်ယှဉ်ပြိုင်ကြရန်မှာကြားလိုကြောင်း၊ တစ်ဦး လိုအပ်ချက်ကိုတစ်ဦးက ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အချင်းချင်း တစ်ဦးလိုအပ်ချက်ကို အပြစ်မမြင်ဘဲ အပြုသဘောဖြင့် ထောက်ပြပြင်ဆင် ပေးကြရန်လိုအပ်သကဲ့သို့ နည်းပြများ၊ အုပ်ချုပ်သူများကလည်း ပြိုင်ပွဲဝင်များအပေါ် မိမိ၏ရင်နှစ်သား တစ်ဦးကဲ့သို့ ထောက်ပြစရာရှိသည်ကို ထောက်ပြ၊ ဆုံးမစရာရှိသည်ကိုဆုံးမ၊ သွန်သင်စရာရှိသည် သွန်သင်ပေးကြရန်လည်း မှာကြားလိုကြောင်း၊ မိမိပြည်နယ်၏ ဂုဏ်ဆောင်နိုင်ရန် စည်းကမ်းတကျကြိုးစားယှဉ်ပြိုင်ရင်း မိမိတို့၏ ကျန်းမာရေးကိုလည်း အထူးဂရုပြု နေထိုင်ကြရန်မှာကြားလိုကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့်အုပ်ချုပ်သူများ၊ ပံ့ပိုးသူများ၊ နည်းပြ များ၊ ပြိုင်ပွဲဝင်များအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပြည်နယ်၏ကိုယ်စား ကာယဉာဏစွမ်းအား စိုက်ထုတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းယှဉ်ပြိုင်ကာ ပြည်နယ်အတွက် ရွှေတံဆိပ်များများ ဆွတ်ခူးနိုင်ကြပါစေ၊ ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးလုပ်ငန်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးသက်ထွန်းထံသို့ ထောက်ပံ့ငွေများပေးအပ်သည်။ ယင်းနောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များက ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အောင်မြင်မှုများ များစွာဆွတ်ခူးနိုင်ရေး အားပေးစကားပြောကြားသည်။

နေပြည်တော်၌ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု မဟာဂီတ(၆)ဦး၊ ကာလပေါ် ခေတ်ဟောင်းတေး (၇)ဦး၊ အမျိုးဂုဏ်(၄)ဦး၊ အကပြိုင်ပွဲ(၅)ဦး၊ အရေးပြိုင်ပွဲ (၁)ဦး၊ အတီးပြိုင်ပွဲ(၆)ဦး၊ ကဗျာလွတ်အက(၁၈)ဦး၊ ရခိုင်တိုင်းရင်းသား ရိုးရာအက(၁၈)ဦး၊ ချင်းတိုင်းရင်းသား ရိုးရာအက(၁၈)ဦး၊ ရိုးရာတူရိယာတေးဂီပြိုင်ပွဲတွင် (၁၅)ဦး၊ နည်းပြ၊ အုပ်ချုပ်သူ၊ ကြီးကြပ်သူများအပါအဝင် စုစုပေါင်း (၁၁၀)ဦးဖြင့် ပြိုင်ပွဲအမျိုးအစားပေါင်း (၉)မျိုးတွင် သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)