(၄၅)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မုဒုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက် ၁၁ နာရီ ၃၀ က ဆံတော်ရှင်ကန်ကြီးစေတီတော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ​ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူတက်ရောက်သည်။

ဆွမ်းဆန်တော်လောင်းလှူပွဲကို ကန်ကြီးစေတီတော်မှ စတင်ထွက်ခွာပြီး မြို့နယ်အတွင်းရှိဘုန်းကြီးကျောင်း(၆၄)ကျောင်းမှ သံဃာ(၂၂၉၅)ပါး၊ သီလရှင်ကျောင်း(၁၅)ကျောင်းမှ သီလရှင်(၄၈၅)ပါး စုစုပေါင်းကျောင်းပေါင်း(၇၉)ကျောင်းမှ သံဃာ/သီလရှင်(၂၇၈၀)ပါးတို့သည် မြို့နယ်အတွင်းရှိ မြို့မ(၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်များသို့ကြွရောက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုဒုံတပ်ရင်း/တပ်ဖွဲ့မှ တပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်နေ ဒေသခံပြည်သူများတို့က ဆွမ်းဆန်စိမ်း၊ ငွေပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများအား စုပေါင်းလောင်းလှူကြသည်။

မုဒုံမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဥ်ကျင်းပမြဲဖြစ်ပြီး လောင်းလှူပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)