မြင်းခြံ စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ဇူလိုင်လ (၁၅) ရက်နေ့တွင် မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၂၂၄) စု၊ လူဦးရေ (၈၉၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၈၃၇၀၀) ကျပ်၊ အိမ်ထောင်စု (၂၂၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပစ္စည်းပုံးများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးမှ ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က ကျောက်ကန်ကျေးရွာ ပြည်သူများကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)