သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

သထုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း‌(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်က သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ (မူဆာတန်း)အခြေခံပညာမူလတန်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်လှည့် စစ်ဆေးကုသရာတွင် Mobile Team Leader ဒေါက်တာတင်ကိုကိုထွေးနှင့် တာဝန်ရှိသူတို့က လာရောက်ပြသသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပြီး ရောဂါတွေ့ရှိသူများအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ်သောကုသမှုများ လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း ရောဂါပိုးတွေ့ရှိသူများအတွက် ၆ လစာဆေးများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့ကြောင်း ဝေဒနာရှင်များအနေဖြင့် ၎င်းတို့ထံမှတစ်ဆင့် တစ်လစာဆေးကို ထုတ်ယူနိုင်ကြောင်း သိရသည်။

နယ်လှည့်စစ်ဆေးကုသခြင်းကို ပြည်သူလူထုအတွင်း တီဘီရောဂါဖြစ်ပွားပျံ့နှံ့မှုလျှော့ချရန်၊ တီဘီရောဂါအကြောင်းကို ပိုမိုသိရှိသဘာပေါက်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနသို့ သွားရောက်စစ်ဆေးရန် အခက်အခဲရှိသည့် သံသယလူနာများကို တီဘီရောဂါရှိ/မရှိ စမ်းသပ်ဆေးကုသပေးနိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ သထုံမြို့နှင့်သုဝဏ္ဏဝတီမြို့အတွင်း ရပ်ကွက်ကျေးရွာတို့ရှိ စုရပ် ၅ နေရာ၌ နေ့စဉ်လိုက်လံဆောင်ရွက်‌သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်