အောင်မြေသာစံ စက်တင်ဘာ ၂၅
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးသန်းထွန်းအောင်နှင့် ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်တို့မှ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူးက သန်းခေါင်စာရင်းကောက်ယူမည့်အစီအမံများ၊ အထောက်အကူပြုကော်မတီဖွဲ့စည်းထားမှု၊ ကောက်ကွက်များအလိုက် စာရင်းစစ်၊ စာရင်းကောက်များ သင်တန်းဖွင့်လှစ်သင်ကြားပေးထားမှု၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ယုက ခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာမြို့နယ်များအလိုက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း