နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ခေတ္တအမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရူံးခဲ့ရသည့် စာသင်ကျောင်းများ၊ ဆေးပေးခန်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေး ဆောင်ရွက်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်၊ လမ်းပန်းဆက်သွယ်ရေး မူလအခြေအနေအတိုင်း ပြန်လည် ကောင်းမွန်မှုရှိစေရန် လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော သဲနုန်းမြေများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများနှင့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ အမှိုက်သရိုက်များ ပိတ်ဆို့မှုမရှိစေရေး စနစ်တကျဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်၊ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်များနှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိစေရန် စီမံဆောင်ရွက်ပေးရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျစုဖွဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများတွင် အစားထိုးသီးနှံများကို စနစ်တကျ စိုက်ပျိုးနိုင်းရေးကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)