အောင်မြေသာစံ စက်တင်ဘာလ ၂၅
မန္တလေးချမ်းသာကြီးဆန်လှူအသင်းကြီး၏ (၄၆)ကြိမ်မြောက် သက်တော်ရှည်ဂုဏဝယဝုဒ္ဓိပူဇော်ပွဲနှင့် ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၆လမ်း၊ ၉၁လမ်းထောင့်ရှိ အဆိုပါဆန်လှူအသင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ကျေးဇူးတော်ရှင် သက်တော်ရှည် နိုင်ငံတော်ဩဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ မိုးကောင်းတိုက်၊ ဇေယျဝတီကျောင်း ဘဒ္ဒန္တသုဇနာဘိဝံ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ မဟာဓမ္မိကာရာမတိုက် ဘဒ္ဒန္တသုဇနပိယ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် သက်တော် ၈၀၊ သိက္ခာတော် ၆၀ နှစ်နှင့်အထက်ရှိ ထေရ်ကြီးဝါကြီး ဆရာတော် (၁၅၇) ပါး၊ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ အမတာဝဏ္ဍိတဘွဲ့၊ တိပိဋကဓရဘွဲ့၊ တိပိဋကကောဝိဒဘွဲ့၊ တိပိဋကဓရ ဓမ္မတဏ္ဍာဂါရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်(၃၇) ပါးနှင့် အသင်းဓမ္မကထိက ဆရာတော်(၆) ပါး၊ စုစုပေါင်း (၂၀၀) ပါး၊ တိုင်းသာသနာရေးဦးစီးမှူး ဦးကျော်လှိုင်နှင့် တာဝန်ရှိသူများ၊ မန္တလေးချမ်းသာကြီဆန်လှူအသင်းကြီး၏ နာယကများ၊ အသင်းဥက္ကဋ္ဌ ဦးထွန်းနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ဘဒ္ဒန္တသုဇနာဘိဝံသ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူကြကာ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်ပွါးများတော်မူသော ပရိတ်ဒေသနာကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ အသင်းဥက္ကဋ္ဌ ဦးထွန်းက အသင်း၏ဆောင်ရွက်မှုများကို လျှောက်ထားပန်ကြားပြီးနောက် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပိယ ဆရာတော်ဘုရားကြီးက ဩဝါဒကထာမိန့်ကြားသည်။ ၎င်းနောက် သက်တော်ရှည်ဆရာတော်ဘုရားကြီးများအား မန္တလေးချမ်းသာကြီးဆန်လှူအသင်းအမှူဆောင်အဖွဲ့နှင့် ပင်မအလှူရှင်မိသားစုတို့က သင်္ကန်းစသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ရေစက်ချအနုမောဒနာ တရားနာကြားကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းကြသည်။
အခမ်းအနားအပြီးတွင် (၄၆)ကြိမ်မြောက် သက်တော်ရှည်ဂုဏဝယဝုဒ္ဓိပူဇော်ပွဲနှင့် ဩဝါဒခံယူပူဇော်ပွဲ ကြွရောက်တော်မူကြသော ဆရာတော်ဘုရားကြီးများအား ပင့်ဆောင်၍ ချမ်းသာကြီးဆန်လှူသင်း ဥက္ကဋ္ဌနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
မြင့်မော်ထွန်း