အ .ထ.က မိုင်းကိုင်၌ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အ.ထ.က(မိုင်းကိုင်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကို စတင်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး လှဟန်ထွဋ်တို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ၊ နိုင်ငံရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်တို့က ပူးပေါင်းစီစဉ်တင်ဆက်သော ရှမ်းအိုးစည် နံရံကပ်စာ၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကာ မိမိတို့ဖတ်ရှုလိုသည့် သုတ၊ ရသ စာအုပ်စာပေများကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)