အောင်မြေသာစံမြို့နယ်တွင် ရှေးဟောင်းအဆောက်အဦ ပြိုကျမှုကြောင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ပစ္စည်း ထောက်ပံ့ငွေများ ပေးအပ်

အောင်မြေသာစံ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ယမန်နေ့နံနက် နှစ်နာရီကျော်ခန့်က ရှေးဟောင်းဟိန္ဒူဘုရားကျောင်း အဆောက်အဦတစ်ခု ပြိုကျမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိကာ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၇၃)ဦး အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

အဆိုပါမိသားစုဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါရပ်ကွက် ရွှေပြည်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအေးမင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးထက်နှင့် တာဝန်ရှိသူများ၊ ရှေးဟောင်းဟိန္ဒူဘုရားအဆောက်အဦးအတွင်း နေထိုင်ကြသည့် အိမ်ထောင်စု ၂၁ စုမှ အိမ်ထောင်ဦးစီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးက အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းကို ပြောကြားသည်။ ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများက အိမ်ထောင်စု ၁ စုလျှင် အိမ်သုံးအဆောင်ပစ္စည်း ၁၆ မျိုးပါ ပလပ်စတစ်ပုံး ၁ ပုံးစီနှင့် သေဆုံး တစ်ဦးအတွက် ထောက်ပံ့ငွေ သုံးသိန်း၊ ဒဏ်ရာရခြောက်ဦးအတွက် တစ်ဦးလျှင် ၅၀၀၀၀/-၊နှင့် လူဦးရေ ကျား (၃၉) ဦး၊ မ (၃၄) ဦး ပေါင်း (၇၃) ဦးအတွက် တစ်ဦးလျှင် ၂၁၀၀/-စီ စုစုပေါင်း ၇၅၃၃၀၀/- ကိုလည်းကောင်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ခေါက်ဆွဲခြောက် (၁၀)ထုပ်နှင့် ထောက်ပံ့ငွေ ၁၀၀၀၀/-စီတို့ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း