မန္တလေး စက်တင်ဘာ ၂၅
အောက်တိုဘာလတစ်ရက်နေ့တွင်ကျရောက်မည့် နှစ်(၆၀)ပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီက မန္တလေးမြို့၊ ၆၂လမ်းပေါ်ရှိ ကုသိုလ်တော်ရိပ်သာ ကျောင်းတိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမိုးနှင့် မြို့နယ်အတွင်းရှိ အမှတ် ၁၊ ၂ ၊ ၄၊ ၅ ရဲစခန်းများမှ စခန်းမှူးများ၊ အရာရှိနှင့်အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ကုသိုလ်တော်ရိပ်သာ ကျောင်းတိုက်အတွင်း ခြုံ၊ နွယ်၊ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းများကို တပျော်တပါး စုပေါင်းဆောင်ရွက်ကြရာ အောင်မြေသာစံခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး စိန်ယုနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)