မော်လမြိုင် စက်တင်ဘာ ၂၅
မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ (၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားရှိပြီး သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နည်းပြသင်တန်း၊ မြို့နယ်အသီးသီးတွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများ ဖွင့်လှစ်ပို့ချကာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်အား အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းမှရရှိသော အခြေခံကိန်းဂဏန်းများအရ လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူအားလုံးမှလည်း လုပ်ငန်းများဆောင်ရွက်ရာမှာ အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း သန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေးအတွက် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး၊ ဦးမြတ်သွင်မှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများမှ မြို့နယ်အလိုက် သန်းခေါင်းစာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)