မိုးနဲမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသင်တန်းဖွင့်လှစ်ပို့ချ

မိုးနဲ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် ၁၂ ရက်တာသင်တန်းကို စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ မြို့နယ်ကမ္ဘောဇခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာ အချက်အလက်မေးခွန်းများစသည့် ဘာသာရပ်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်  ကြီးကြပ်၍ တာဝန်ရှိသူများနှင့် နည်းပြဆရာမ ၄ ဦးတို့က သင်တန်းသား/သူ ၃၇ ဦးကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ စာတွေ့သင်ကြားခြင်းနှင့် မြေပြင်တွင် ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များက အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်‌‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)