မြစ်ကြီးနား စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်မီးသတ်ဦးစီးဌာနကကြီးမှူး၍ မြို့ပေါ်ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့ဝင်များအတွက် စက်တင်ဘာ ၁၁ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီက ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မျက်မှောက်ခေတ်ကာလတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့ရာတွင် ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြမည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှု ကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေခြင်း၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြည့်ဝစေခြင်း၊ ခေတ်မီအဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရေး အဆင့်မြင့်ရှာဖွေကယ် ဆယ်ရေးနည်းစနစ်မျာကို သင်ကြားပေးခဲ့ခြင်းဖြစ်သည့်အတွက် Strong Hand with Brave Heart ဆိုသည့်အတိုင်း ရဲရင့်သည့်နှလုံးသား၊ သန်မာသည့် လက်တစ်စုံဖြင့် ပြည်သူလူထုယုံကြည်အားကိုးရသည့် အဖွဲ့အစည်းတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက သင်တန်းတွင် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်အလိုက် တစ်ဦးချင်းနှင့်အဖွဲ့လိုက် စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်က သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသားများ၏ ကြိုးကူးနည်း(၂)မျိုး၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် နှစ်ယောက်တွဲတို့ဖြင့် သရုပ် ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြစ်ကြီးနား လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးဖွင့်လှစ်သည့် အခြေခံ စာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်တစ်တိုက်ဖြစ်လာစေရန် အခြေခံလိုအပ်ချက်များဖြစ်သည့် အဆောက်အအုံ၊ ရန်ပုံငွေ၊ စာအုပ်၊ စာငှားနှင့် စာကြည့်တိုက်မှူး များပင်ဖြစ်ပါကြောင်း၊ ထိုအထဲမှ စာကြည့်တိုက်တစ်တိုက်အား ပြည်သူများ ယုံကြည်အားကိုးမှု၊ အသိ ပညာဗဟုသုတပေးနိုင်မှုသည် စာကြည့်တိုက်မှူးများ၏ စာကြည့်တိုက်အပေါ် အလေးထားဆောင် ရွက်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဆောင်ရွက်နိုင်ရေး စာကြည့်တိုက်စီမံခန့်ခွဲမှု လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြု လုပ်ငန်း၊ စာအုပ်မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှားလုပ်ငန်းနှင့် စာကြည့်တိုက်စစ်ဆေးခြင်းများ ကို စနစ်တကျ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဖွင့်လှစ်သည့် အခြေခံစာကြည့် တိုက်သင်တန်းမှ စာကြည့်တိုက်ပညာရပ်များကို အသုံးပြု၍ မိမိတို့ စာကြည့်တိုက်လုပ်ငန်းများ စနစ် တကျဆောင်ရွက်ပြီး ပြည်သူလူထုအတွက် အကျိုးပြုအောင်မြင်သော စာကြည့်တိုက်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထက်က ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ထားသည့် ဌာန ဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်လုပ်ငန်းများကို ဆောင် ရွက်နေသည့်သူများအား စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့် လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူထုအခြေပြုဗဟိုဌာန (Commu-nity Centre)ခန်းမ၌ ( ၅ )ရက်ကြာ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်မှူးများ ပါဝင်သည့် သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားမည့် သင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိများသည် ပြည်သူ့စာကြည့်တိုက်အတွင်း စင်တင်စနစ်နှင့်စင်ဖွင့်စနစ်တို့ဖြင့် စာကြည့်တိုက်ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာဖတ်ပရိတ်သတ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အား ပေးခဲ့ကြပြီး ပြတိုက်ငယ်အား ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ယာယီတိမ်းရှောင်စခန်းနေပြည်သူများအတွက် ဆပ်ပြာဆီ နှင့် ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီစခန်းနေမိသားစုများ လတ်တလောနေထိုင်စဉ်ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍သင်ယူရာတွင် ဂရုတစိုက်ဖြင့် သေချာစွာလေ့လာမှတ်သားသင်ယူကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများနှင့် ဆပ်ပြာဆီ၊ ဆပ်ပြာခဲကုန် ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အတူပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ရုံးသို့သွားရောက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့်တွေ့ဆုံပြီး ကျောက်စိမ်း အချောထည်ထုတ်လုပ်ရန် လုပ်ငန်းစီမံချက် ရှင်းလင်းတင်ပြပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က စတုတ္ထအကြိမ်ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေးအတွက် ကျောက်စိမ်းအချောထည်ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ထို့အပြင်ပယင်းဈေးကွက်အား ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)ဥက္ကဋ္ဌ ဦးအောင်လကအသင်းမှ ကျောက်စိမ်းအချောထည်ကုန်ကြမ်းရရှိရေး ကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု အခြေ အနေများနှင့် စတုတ္ထအကြိမ် ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုးစားဆောင်ရွက်နေ မှု အခြေအနေများနှင့် ပယင်းလုပ်ကွက်ရရှိရေးလေ့လာဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်တက်ရောက်လာကြသည့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောက်မျက်အသင်းမှ တာဝန်ရှိသူများက ကျောက်မျက်အချောထည်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပြုသုံးသပ်ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)