ညောင်ရွှေ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်တွင် စက်တင်ဘာ (၁၀) ရက်ကစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး အင်းလေးကန်ရေပြင် မြင့်တက်ခြင်းနှင့်အတူ ညောင်ရွှေမြို့ရပ်ကွက်များ၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ မြို့နယ်အတွင်းရှိ စိုက်ပျိုးထားရှိသော လယ်ယာစိုက်ခင်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာဌာနအဖွဲ့များက ယမန်နေ့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများ၊ မြို့နယ်တွင်း ရေနစ်မြုသည့် နေရာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ပြည်သူများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးစသည့် ပြန်လည်ထူထောင်ရေးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက အလှူငွေများ၊ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် အဝတ်အထည် အသုံးအဆောင်ပစ္စည်းများကို ကူညီကယ်ဆယ်ရေးစခန်းများ၊ ရေနစ်မြုပ်လျက်ရှိသည့် ရပ်ကွက်များနှင့်ကျေးရွာများသို့ နေ့စဥ် သွားရောက် လှူဒါန်းထောက်ပံ့လျက်ရှိသည်။
ညောင်ရွှေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့် ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာ(၁၉၆) ရွာရှိ ပြည်သူ (၁၅၀၀၀) ကျော် ရေဘေးသင့်ခဲ့ရာ ကူညီကယ်ဆယ်ရေးစခန်း (၄၁) ခု ဖွင့်လှစ်ကာ လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ