မုဒုံ စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့် ပင်လယ်ကမ်းနားအနီးရှိ ကတုံးပေါ် ၊ ဘလောက်ညောင်ဝိုင်းကျေးရွာများ၌ လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
လိုက်လံနှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသော အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK)၏အရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တို့၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရေးအတွက် လှည့်လည်နှိုးဆော်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)