လင်းခေး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီရိက္ခာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် နွယ်ဝတီ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အမှာစကားပြောကြားရာ လင်းခေးမြို့နယ်တွင် (၁၀-၉-၂၀၂၄)ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ၂၀၀၄ ခုနှစ် အမြင့်ဆုံးရေအမှတ် ၂၂ ပေ ကျော်လွန်ပြီး ၂၀၂၄ တွင် ၂၆ ပေကျော်အထိရောက်ရှိခဲ့ကာ ရေဘေးအန္တရာယ်ကိုကြုံတွေခဲ့ပါကြောင်း၊ ရေဘေးအန္တရာယ်ဖြစ်ဖြစ်ခြင်း တပ်မတော်တာဝန်ရှိအကြီးအကဲများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်မြို့မိမြို့ဖ၊ ဒေသခံပြည်သူများက ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ခဲ့ကြသည်ကို သိရှိရသည့်အတွက် များစွာအသိအမှတ်ပြုဂုဏ်ပြုအပ်ပါကြောင်း၊ ရေဘေးသင့်ပြည်သူတို့အား ရေဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေး၊ စားရေရိက္ခာရရှိရေးများကို နေ့ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့ရတဲ့ ဒေသအသီးသီးသို့ အကူအညီနှင့်ရိက္ခာများ အမြန်ဆုံးပို့ဆောင်နိုင်ရေး၊ ပြည်သူတွေ၏ အသက်အန္တရာယ်ထိခိုက်မှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လင်းခေးခရိုင်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများအတွက် ဆန်ရိက္ခာ(၃၀၀)အိတ်၊ ဆီပိဿာ (၂၀၀)ကို ထောက်ပံ့ပေးအပ်သွားပြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက်ရန်ပုံငွေနှင့် အစီအမံများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အဦများနှင့် အများပြည်သူဆိုင်ရာနေရာများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီရိက္ခာများထောက်ပံ့ပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက လက်ခံရယူခဲ့ပြီး၊ မြို့မိမြို့ဖ ဦးစိုင်းနော်မှိုင်းက ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေဘေးသင့်ခံခဲ့ရမှုအခြေအနေမှ ကျောင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်သို့ ထွက်ခွာပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မိုင်းပန်-တာဆန်း-မိုင်းတုံသွားကားလမ်း မိုင်တိုင်အမှတ် 172/KM မှ 184.27/KM လမ်းပိုင်းအတွင်း တောင်မြေများပြိုခြင်း၊ သစ်ပင်ဝါးပင်များပြိုကျခြင်း၊ လမ်းပခုံးသားများပဲ့ကျ ပျက်စီးသွားခြင်း၊ ဝမ်ထမ်ရွာနှင့် မိုင်းဟောင်းကျေးရွာအနီး လျှပ်စစ်မီးတိုင်များ ပြိုလဲသွားခဲ့မှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အဆိုပါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ မီးတိုင်များဆုံး ပြင်ဆင်ပြီးစီးရေး ဌာနဆိုင်ရာတာဝန်ရှိသူတို့အား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
လင်းခေး ခရိုင်ပြန်/ဆက်