တာချီလိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် တာဝန်ရှိသူတို့သည် ပုန်းထွန်ရပ်ကွက်၊ သီရိရတနာဂူဟာ(ရှမ်း)ဘုန်းတော်ကြီးတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ဆန် (၅) အိတ်၊ ငါးသေတ္တာ (၄) ဖာ၊ ခေါက်ဆွဲထုပ် (၅) ဖာ၊ ငံပြာရည် (၂) ဖာ၊ ဆီ (၂) ဖာ၊ ရေ (၁၀) ကတ်၊ ပဲဘူးများနှင့် အဝတ်အထည်များကို ပေးအပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်ချက်များ မေးမြန်းဆွေးနွေးပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပါလျှံ(၂)ရပ်ကွက် နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆန် (၇) အိတ်၊ ငါးသေတ္တာ (၄) ဖာ၊ ခေါက်ဆွဲထုပ် (၅) ဖာ၊ ငံပြာရည် (၂) ဖာ၊ ဆီ (၂) ဖာ၊ ရေ (၁၅) ကတ်၊ ပဲဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)