မိုင်းကိုင် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်လာသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စေတီကျောင်း ဆရာတော် ဘဒ္ဒန္တဩသဓထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များထံမှ ဥပ္ပါတသန္တိ ကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း အောင်မြင်ခြင်း အထိမ်းအမှတ် ဇေယျသိဒ္ဓိ အောင်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် တာဝန်ရှိသူများက နဝကမ္မဝတ္ထု၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်းမှ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ (၁၉.၉.၂၀၂၄) ရက်နေ့မှ (၂၃.၉.၂၀၂၄) ရက်နေ့အထိ ငါးရက်တိုင်ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)