တာမွေ စက်တင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းစေတီတော် မဟာသာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဗဟိုအထောက်အကူပြုလူမှုရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ဗဟိုအထောက်အကူပြုလူမှုရေးရာအဖွဲ့ အတွင်းရေးမှူးဦးသန့်ဇင်လှိုင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးရွှေမောင်နှင့် ဦးဖရန်စစ်၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းနှင့် ဒေါ်တင်တင်သော်၊ အတွင်းရေးမှူး ဒေါ်ခိုင်မွန်မွန်ကို၊ ဒေါ်ဂျူးနှင့် ဒေါ်မေသဉ္ဇာနိုင်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ဇင်မာညွန့်၊ ဘဏ္ဍာရေးမှူးဒေါ်အေးအေးချို၊ ဘဏ္ဍာငွေရှာဖွေရေးမှူး ဦးထိန်လင်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟို/ တိုင်းဒေသကြီး/ ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင်များအား ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စည်သူက အသင်း၏ ရည်ရွယ်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မိုးကောင်းစေတီတော် မဟာသာသနာ့ဗိမာန်တော်ကြီးအတွက် လှူဒါန်းသော အလှူငွေကျပ်နှစ်သိန်းငါးသောင်းတိတိအား သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စည်သူက ပေးအပ်လှူဒါန်းရာ မဟာသာသနာ့ဗိမာန်တော်ကြီးဥက္ကဋ္ဌ ဦးဌေးဝေက လက်ခံရယူခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏ သဘောတရား၊ ယုံကြည်ချက်နှင့်ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ နိုင်ငံအတွင်း၌ ဘာသာရေးပဋိပက္ခများ(သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက်အောင်ထိန်းသိမ်းရင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့်ဆက်နွယ်သော အခြားနစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့အား တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)