နေပြည်တော် စက်တင်ဘာ ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ပင်လောင်းလမ်းဆုံနှင့် အေးမြင့်သာယာတံတားအကြားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် လုပ်သားများ၊ ယာဉ်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းပခုံးများ ညီညာမှုရှိစေရန်၊ ကွန်ကရစ်လမ်းအောက်ခြေအား ကျောက်သားအမာများဖြင့် ခိုင်ခံ့စွာတည်ဆောက်ရန်နှင့် လုပ်ငန်းများ ကောင်းမွန်ခိုင်ခံ့စေရေး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ ရှားစေးဖိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် ရေဝင်ရောက်ပြီး တင်ကျန်နေသည့် နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များရှင်းလင်းခြင်းလုပ်ငန်းကို လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရှားစေးဖိုလျှပ်စစ်ရေတင်စက်ရုံအတွင်း ရေများဝင်ရောက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာ သာသနာ့ဝိသောဓနီကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာဝံသအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းတိုက်အတွင်း ရေကြီးရေလျှံမှုကြောင့် နုန်း၊ ဒိုက်နှင့် အမှိုက်များတင်ကျန်နေမှုအခြေအနေများကို ရှင်းလင်းဖယ်ရှားရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ပင်သောင်းကျေးရွာအုပ်စု၊ သစ်ကိုးပင်ကျေးရွာရှိ သစ်ကိုးပင်ကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သစ်ကိုးပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ ကုလားပဲနှင့် ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် သစ်ကိုးပင်ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများ၊ သစ်ကိုးပင်ကျေးရွာနှင့် အင်တိုင်းသာ ကျေးရွာချင်းဆက်လမ်း ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်အမှတ်(၃) ကန်ဘေးပတ်လည်ရှိ မြေထိန်းနံရံသည် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြေထိန်းနံရံ ကျွံကျပျက်စီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဌာနမှူးမှ မူလတည်ရှိသော မြေထိန်းနံရံအခြေအနေ၊ ယခုတည်ရှိသော မြေထိန်းနံရံအခြေအနေနှင့် ပြုပြင်ဆောင်ရွက်မည့် မြေထိန်းနံရံဒီဇိုင်းအရ ရေစီးဆင်းမှုကောင်းမွန်စေရေး ရေထွက်ပေါက်ထားရှိခြင်းနှင့် မြေထိန်းနံရံ အခြေအုတ်မြစ်ခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်ထားသော ဒီဇိုင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့တော်ဝန်က မင်္ဂလာကန်သည် ပျဉ်းမနား-တောင်ညို ကားလမ်းမကြီးဘေးတွင် တည်ရှိသော အထင်ကရနေရာဖြစ်သဖြင့် ရေကန်အား ရေရှည်တည်တံ့ကောင်းမွန်၍ သာယာလှပသော ကန်တစ်ခုဖြစ်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာဒီဇိုင်းများကို အသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ရေလွှမ်းမိုးမှုကြောင့် ဇေယျာသီရိမြို့နယ်၊ ဆင်သေချောင်းတံတား(ပုပ္ပားကုန်း)၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်း ပျက်စီးမှုအပေါ် ယာယီသံပေါင်ဘေလီတံတား တည်ဆောက်ပြီးစီးမှုနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးနေမှုအား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဒိုးပင်ခုံးတံတား ချဉ်းကပ်လမ်း ကမ်းပြိုကျပျက်စီးခြင်းအား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)