ပုဗ္ဗသီရိ စက်တင်ဘာ ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဥယျာဥ်ကျေးရွာအရှေ့ဘက်ရှိ ဥယျာဥ်ဆင်သေချောင်းကူးတံတား၊ အနောက်ဘက်ခြမ်း တံတားထိပ်နှင့်ဆက်လျက် ကွန်ကရစ်လမ်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဥယျာဥ်ကျေးရွာအရှေ့ဘက်ရှိ ဥယျာဥ်ဆင်သေချောင်းကူးတံတား၊ အနောက်ဘက်ခြမ်း တံတားထိပ်နှင့်ဆက်လျက် ကွန်ကရစ်လမ်းရေတိုက်စား၍ ပျက်စီးသွားသောနေရာ၌ ဥယျာဥ်ဆင်သေချောင်းကူးတံတား လမ်းအလျား ၃၀ ပေ၊ အနံ ၃၆ ပေခန့် ကွန်ကရစ်လမ်း မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းမှ ပြုပြင်နေမှုအခြေအနေများကို ချပြရှင်းလင်းခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဥယျာဥ်ဆင်သေချောင်းကူးတံတား ဖြတ်သန်းသွားလာနိုင်သည့် ခံနိုင်ဝန်တန်နှင့်ကိုက်ညီသည့် ယာဉ်များသာ ဖြတ်သန်းသွားလာစေရေး ကြီးကြပ်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)