နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ စက်တင်ဘာ  ၂၄

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ စာသင်ကျောင်းတွင် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ်မှ ဝန်ထမ်းများ၊ ရဲတပ်သားသစ်သင်တန်းမှ သင်တန်းသားများစုပေါင်း၍ ရေကြီးနစ်မြုပ်ခဲ့သည့် ကျောင်းဝန်း၊ စာသင်ခန်းများနှင့် စာသင်ခုံများ၊ ပရိဘောဂပစ္စည်းများတွင် တင်ကျန်ခဲ့သည့် နုန်းများနှင့် အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် ရေသန့်များ ပေးအပ်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူလေးများ ပညာသင်ကြားရေး နှောင့်နှေးမှုမရှိစေရန် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်မင်းဦးသည် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်လိုက်ပါလျက် အေးမြင့်သာယာကျေးရွာအတွင်းရှိ လမ်းများနှင့် စာသင်ကျောင်းသို့ သွားရောက်သည့် လမ်းများမှ ရွှံ့နွံများ၊ နုန်းများကို ရဲတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)