မန္တလေး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်ခံယူ၍ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးတင်ပြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦး ကောင်းမြတ်ကျော်က မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုများ၊ အောက်တိုဘာလ (၁) ရက်နေ့မှ(၁၅)ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၈) ခု၊ ကောက်ကွက်ပေါင်း ( ၃၇၇) ကွက်၌ စာရင်းစစ် (၃၃) ဦး၊ စာရင်းကောက် ( ၁၂၃ ) ဦးက Mobile Tablet များ အသုံးပြုပြီး တစ်အိမ်တက်ဆင်း စနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း