ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄/မက) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့ သားစပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄/မက)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ နည်းစနစ်ကျ မှန်ကန်သော မေထုန်မဲ့သားစပ်ကျွမ်းကျင်သူ အရေအတွက်တိုးပွားလာပြီး မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနိုင်ရန်ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်နှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သင်ကြားပေးသည့် မေထုန်မဲ့သားစပ်သင်တန်းမှ ရရှိလာမည့် ပညာရပ်များသည် မိမိတို့ဒေသအတွင်းရှိ မွေးမြူတောင်သူများ၏ အကျိုးစီးပွားကို များစွာအထောက်အကူပြုစေမှာဖြစ်သောကြောင့် သင်တန်းမှရရှိလာသည့် အသိပညာအတတ်ပညာများကို လက်တွေ့အသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်မြတ်ဟိန်းက နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နွားမေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား သင်တန်းသား (၁၆)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ (၈)ဦးဖြင့် စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၂)ရက်နေ့အထိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပင်းတယ)