ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေပေးအပ်

ပူတာအို စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်‌ ဒေသစားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပူတာအိုခရိုင်သို့ရောက်ရှိနေသော ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီကမြို့ နယ်သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအတိုင်းလိုက်နာပြီး ဉပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီလုပ်ငန်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်ရာတွင် ဝါသနာ၊ စေတနာ၊ အနှစ်နာဟူသည့် နာ (၃) နာဖြင့် လုပ်ငန်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားလို ကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်က နယ်မြေဒေသအခြေအနေများ၊ ဌာန၏ပျိုးပင်လုပ်ငန်းများ၊ လူထုဖြန့်ပျိုးပင်လုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ဝန်ထမ်းရေးရာကိစ္စနှင့် ပတ်သက်၍ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအတွက် ထောက်ပံ့ငွေထောက်ပံ့ပေးအပ်ရာ မြို့နယ်ဦးစီးမှူး ဦးစောဖန်းအောင်က လက်ခံရယူပြီး မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကပြည်နယ်ဝန်ကြီးအား ဂါရဝပြုလက်ဆောင်ပလိုင်း ကိုပေးအပ်ကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဖုန်ကန် (ပူတာအို)