ပုဗ္ဗသီရိ စက်တင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာတွင် ရေကြီးရေလျှံခြင်းကြောင့် တာဝါတိုင်များ လဲပြိုခြင်းအား ပြန်လည်ပြုပြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အဆိုပါ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ကွင်းဆင်းကြည့်ရှုရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် (၂၃၀) ကေဗွီ ရွှေမြို့-နေပြည်တော်အမှတ် (၂) ဓာတ်အားလိုင်း တိုင်အမှတ် (၁၂) မှ (၁၅) အထိ စုစုပေါင်းတာဝါတိုင်(၄)တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ တာဝါတိုင်ပြုပြင် ဆောင်ရွက်လျက်ရှိသော တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်လင်းမှ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ၊ လျှပ်စစ်မီးအမြန်ရရှိရေး ဆောင်ရွက်ရန်မှာကြားပြီး ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)