တာချီလိတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေး၊ ပူးပေါင်းပါဝင်နိုင်ရေးအတွက်ရည်ရွယ်၍ အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီက လူစည်ကားရာနေရာများမှာ ဌာနတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မီတီအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိဌာနဆိုင်ရာများသည် မြို့တွင်းရှိ ဗိုလ်ချုပ်လမ်းမကြီး၊ ရှမ်းရိုးမကွင်းလမ်းဆုံ၊ ဟောင်လိတ်ကျောင်းရှေ့နှင့် တာလော့စျေးရှေ့တို့၌ ဖြတ်သန်းသွားလာကြသည့် မိဘပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်များအား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ပိုမိုသိရှိစေရေးအတွက် အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူဘာသာစကားများဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအားလာမည့် အောက်တိုဘာ (၁) ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ တစ်ပြိုင်နက်တည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်