မက်မန်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ရောင်အူ(ဝ)ကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့ ငွေ ကျပ်သိန်း (၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ ရောင်အူ(ဝ)ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာတွင် ယမန်နေ့က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပန္နက်တင်အခမ်းအနားအား မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မက်မန်းမြို့နယ် ဒုမြို့နယ်ရဲမှူး ဦးဇော်ထွန်းမိုး၊ မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းစိန်၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)၊ ရောင်အူ(ဝ)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်ဆောပန်နတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရောင်အူ(ဝ)ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သတ်မှတ်နေရာအသီးသီးတွင် ရတနာပန္နက်စိုက်ထူ၍ အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ ရောင်အူ(ဝ)ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၉၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)