ရန်ကုန် စက်တင်ဘာ ၂၃
၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ခရိုင်ပေါင်းစုံ အသက် (၂၀) နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့် တာဝန်ရှိသူများက လှည်းကူးခရိုင်နှင့် အလုံခရိုင်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အကောင်းဆုံး အားကစားဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော် ခရိုင်ပေါင်းစုံ အသက်(၂၀) နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ခရိုင် (၁၄) ခုမှ အမျိုးသား၊ အမျိုးသမီးအသင်း (၂၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဘော်လီဘော်ပြိုင်ပွဲတွင် ပထမဆုကို အလုံခရိုင်အသင်းကလည်းကောင်း၊ ဒုတိယဆုကို လှည်းကူးခရိုင်အသင်းကလည်းကောင်း၊ တတိယဆုကို တွံတေးခရိုင်အသင်းကလည်းကောင်း၊ အမျိုးသမီးဘော်လီဘော်ပြိုင်ပွဲတွင်ပထမဆုကို တွံတေးခရိုင်အသင်းကလည်းကောင်း၊ ဒုတိယဆုကို ဒဂုံမြို့သစ်ခရိုင်အသင်းကလည်းကောင်း၊ တတိယဆုကို သင်္ကန်းကျွန်းခရိုင်အသင်းကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)