ဟိုပုံး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်ခဲ့သည့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် (၈) နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းဝန်းအတွင်းရှိ စီးဆင်းလျက်ရှိသည့် ရေနုတ်မြောင်းအား ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များ ဆယ်ယူခြင်း၊ ရေဝင်ရောက်ပြီးတင်ကျန်ခဲ့သည့် အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုလို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)