မွန်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၃

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လုပ်ငန်းလမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က စက်တင်ဘာလ (၁၅) ရက်တွင် ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး၊ ဥပဒေအရာရှိများအနေဖြင့် နိုင်ငံနှင့် အများပြည်သူ အကျိုးအတွက် ရိုးသားစွာ တာဝန်ထမ်းဆောင်ကြရန်၊ သစ္စာရှိစွာ စေတနာထားဆောင်ရွက်ရန်၊ တရားဉပဒေစိုးမိုးရေး တရားမျှတမှုရှိရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဌာန၏ဂုဏ်သိက္ခာ ထိခိုက်စေမည့် အပြုအမူအပြောအဆိုနှင့် လာဘ်ပေးလာဘ်ယူမှုများကို မပြုလုပ်ကြရန်၊ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များရေးဆွဲပြီး ဉပဒေပညာ သင်တန်းပေးခြင်း ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပရန် ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်က ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၏ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ပြည်နယ်/ခရိုင်/ မြို့နယ်ဥပဒေအရာရှိများက မိမိရုံးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဉပဒေချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်