ရန်ကုန် စက်တင်ဘာ ၂၃
၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းနားကို စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဧည့်သည်တော်များက သန်လျင်ခရိုင်နှင့် ကျောက်တံတားခရိုင် အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင်းပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအားကစားသမားဆုရသန်လျင်ခရိုင် အသင်းမှ ကျောနံပတ်(၄)ဥက္ကာရှိန်အား ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၂)ဦးစံကျော်ကလည်းကောင်း၊ တတိယဆုရရှိသည့် အလုံခရိုင်အသင်းအား မြန်မာနိုင်ငံဘက်စကက်ဘော်အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးရဲအောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် သန်လျင်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဘက်စကက်ဘော်ဆက်ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ကလည်းကောင်း ပထမဆုရရှိသော ကျောက်တံတားခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ၂ဝ၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲကို ခရိုင်(၁၄)ခရိုင်မှ ဘက်စကက်ဘောအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)